Home Stay (Chapter 95)

avatar

IMG_4862-01.jpeg

စလောင်းကတော့ ဆင်ပြီး သွားခဲ့ပြီ ဖြစ်၏။ line တွေလည်း တော်တော်လေး အဆင်ပြေ၏။ များလည်း များ၏။ အမက အမေ့ကို ဗုဒ္ဓလိုင်းတွေ အစုံ ကြည့်စေချင်သောကြောင့် အနှီ စလောင်းကို ဆင်ပေးလိုက်ခြင်း ဖြစ်၏။ သို့သော် တကယ့်တကယ် လက်တွေ့မှာတော့ အမေ့အလှည့်က ဘယ်နားနေမှန်း မသိပေ။ လိုင်းစုံသွားတော့ ကာတွန်းလိုင်းတွေက ယခင် စက်ထက်စာလျှင် အများကြီး ပါလာ၏။ သို့နှင့် ဆရာသမားတွေက ကြည့်တော့၏။ မထတမ်း၊ မနားတမ်းကို ကြည့်တော့၏။ ယခင် စာလုပ်နေကြတောင် မလုပ်တော့ပေ။ ထို စလောင်း ဆင်ပြီးကတည်းက စာကို မလုပ်ကြတော့ပေ။

အမေ့ ဗုဒ္ဓလိုင်းက ဘယ်ဆီနေလဲတော့ မသိပေ။ မနက်ခင်း ဘုရားကန်တော့၊ တရားမှတ်တုန်းလေးပဲ သူ့ခဗျာ တရား နာရ၏။ ကျန်အချိန်တွေက သူတို့ အချိန် ဖြစ်သွား၏။ ကျနော့် အချိန်လား မေးမနေနဲ့ ညမှပဲ remote ကိုင်ခွင့်ရ၏။ ညတောင်မှ (၁၀) နာရီကျော်မှာဆိုတော့ ဘာမှ ကောင်းကောင်းကြည့်ဖို့ အချိန် မရတော့ပေ။ အိပ်ချိန် ရှိသေးတယ် မလား။ ယခင်တုန်းကတော့ အိမ်မှာ အငယ်ဆုံး ကျနော်က ဘုရင် ဖြစ်၏။ remote က ကျနော့် အပိုင်။ သူတို့ TV ကြည့်တတ်သည့် အရွယ်ဖြစ်လာပြီးသည့် နောက်မှာတော့ remote သည် ကျနော့် လက်ထဲကနေ ခုန်ဆင်းသွားခဲ့တော့၏။ ပြန်ကို မလာတော့ပေ။

IMG_20200704_161758.jpg

ယခု စလောင်း ဆင်လိုက်ခြင်းက တမျိုးလည်း ကောင်းသလို၊ တမျိုးလည်း မကောင်းပေ။ ယခင်လို သိပ်မကစားကြ၊ မဆော့ကြတော့သဖြင့် အမေနှင့်ကျနော် နားငြီးသက်သာ၏။ ပြောရ ဆိုရတာလည်း နည်းသွားခဲ့၏။ မကောင်းတာက တောက်လျှောက်ကြီးကို ကြည့်နေခြင်း ဖြစ်၏။ ယခင်ထက်ဆိုလျှင် TV ကြည့်ချိန်က ပိုများသွား၏။ ယခင် စာလုပ်ကဲသည့် တူမတော်တောင် ယခု စာအုပ် မကိုင်တော့ပေ။ တူတော်မောင်ကတော့ ပြောနေစရာမလိုတော့ပေ။ နဂို စာလုပ်ပျင်းတဲ့သူ မလား။

တရက်သားက ဘောလုံးပွဲလေးများ ကြည့်ရမလားဆို သူတို့ ကာတွန်း ကြည့်နေတာနဲ့ပဲ မကြည့်လိုက်ရပေ။ ဒါတောင် ကိုယ်က ကလေး အဖေ မဟုတ်သေးပေ။ အင်း … ကိုယ့်ကလေးနဲ့ ကိုယ်ဆို ဘယ်လိုများ နေမည်လဲဟု ရှာကြံတွေးနေမိသေး၏။ ဒါနဲ့ပဲ ကျနော်လည်း ယခင်ထက် စာလျှင် phone ပဲ ပိုကြည့်ဖြစ်၊ ဂိမ်းပဲ ပိုဆော့ ဖြစ်တော့၏။ ဇာတ်ကားကောင်းတွေလည်း မကြည့်လိုက်ရဘဲ လွတ်သွားကုန်၏။ သူတို့ ကျောင်းတွေ ဖွင့်မှပဲ ကိုယ့်အလှည့်ရောက်မည် ထင်၏။

ပြောသာ ပြောတာ ကျောင်းတွေ ဖွင့်လျှင် ကျနော်လည်း မအားလောက်တော့ပေ။ သူတို့ကို ကြိုပို့ လုပ်ရမည်။ ပြီး ကျနော့် သင်တန်းတွေလည်း ပြန်စပြီ မလား။ အင်း အသက်အရွယ်ကလည်း အပျော်အပါးထက် ဖြစ်သင့်တာ၊ လုပ်သင့်တာ အရေးကြီးတာကို ဦးစားပေးရမည့် အရွယ်မလား။ နောက်တချိန်အတွက် ခုချိန်မှာ အလေးထား အားစိုက်ထားဖို့ လို၏။ နောက်တချိန်မှာ အေးအေးလူလူ နေနိုင်ဖို့ ခုချိန်မှာတော့ အပင်ပန်း ခံရပေဦးမည်။

Don Jaun



0
0
0.000
3 comments
avatar

ဖုန်းနဲ့စာရင် စလောင်းက ကာတွန်း ကြည့်ကြတာ တော်တာပေါ့ဗျာ

0
0
0.000
avatar

ကလေးတွေ နားတဲ့အခါ ဗုဒ္ဓလိုင်းတွေ ဖွင့်ထားပေါ့ဗျာ

0
0
0.000
avatar

နှောင်ရေးအတွက် စိတ်ပူလာပြီပေါ့...... အပူ တွေ.... သတိထပ် ပေးမယ်.... အပူ တွေ။

0
0
0.000