Home Stay (Chapter 254)
ထင်ထားသည့် အတိုင်းပင်။ ubuntu os က နှစ်ခေါက် (၂ ) ခါပြန် သွင်းရ၏။ ဒါမှ ကျနော် ပီသရတော့ မပေါ့။ စက်က boot မတက်သဖြင့် ထိုကိစ္စကို အရင် ရှင်းရသေးတယ်။ os ကို ပြန်ထပ်တင်ခြင်းမျိုး မဟုတ်ဘဲ error ဖြေရှင်းခြင်းကိုသာ ရှာမိ၏။ ရှာလို့တော့ တွေ့၏။ တော်တော်လေး ရှာလိုက်ရ၏။ သူ့နည်းလမ်းနှင့် ဖြေရှင်းတော့ boot တော့ တက်သွား၏။ ဒါပေမယ့် wifi က မရနေပေ။ wifi adapter မတွေ့ပါတဲ့။ hardware ကို support မပေး (wifi driver မသိနေ) ခြင်း ဖြစ်၏။ သို့နှင့် အဆိုပါ error ကို fix ဖို့ solution ထပ်ရှာပေါ့။
ရှာတွေ့သည့် နည်းလမ်းတွေနဲ့ စမ်းကြည့်၏။ အဆင်မပြေပေ။ မရသည့် အဆုံး ubuntu ကိုပဲ နောက်တခေါက် ပြန်တင်ရတော့၏။ ဒီတခါမှာတော့ boot မတက်သည့် freezing error မပေါ် မဖြစ်တော့။ ဒါပေမယ့် ပထမတခါ ဖြစ်သည့် wifi adapter မသိပြန်ပေ။ အဆိုပါ error fix ချင်လို့ ပြန်တင်ပေမယ့် error က ရှင်းမရနေပေ။ အင်း ခက်တော့ ခက်နေပြီ။ သို့နှင့် solutions တွေ ထပ်ရှာပြီး စမ်းကြည့်ရပြန်၏။ ရှာလိုက် စမ်းလိုက် မရလိုက်နှင့် လုံးခြာလည် လိုက်နေတော့၏။ တချိန်ချိန်တော့ အဆင်ပြေသွားမည့် solution တွေ့မှာကို သေချာ သိ၏။ ကြာနေတာကို စိတ် မရှည်တာ။
စိတ်မရှည်လည်း သည်းခံပြီး ရှာရ ပြုရ လုပ်နေရ၏။ ကိုယ်က သုံးချင်တာကိုး။ ubuntu myanmar facebook မှာလည်း ပိုစ့်တင်ပြီး မေး ဖြစ်၏။ ပြန်ဖြေ ပေးကြပါ၏။ ဒါပေမယ့် သူတို့ ဖြေပေးကြသည့် နည်းလမ်းတွေက ကျနော် လုပ်ထားဖူးသည့် နည်းလမ်းတွေ ချည်း ဖြစ်နေ၏။ သို့နှင့် Youtube video တွေ လိုက်ကြည့်၊ Google ခေါက်ပေါ့။ ခုထိတော့ solution မရ မတွေ့သေးပေ။
အမှန်တော့ ကျနော်က ubuntu အကြောင်း ဘာမှ မသိသေးပေ။ ubuntu နဲ့ ပတ်သက်တာဆိုလို့ font တခုသာ သိ၏။ ဘာလို့ရယ် မသိ ubuntu font ကိုတော့ ကျနော် အတော်လေး ကြိုက်၏။ လက်ရှိ phone မှာကော ယခင် သုံးခဲ့သည့် phone တွေမှာကော အဆိုပါ font ကို ထည့်သွင်း အသုံးပြုခဲ့၏။ ရိုးရိုး ထည့်လို့ မရလျှင်တောင် root ဖောက်ပြီး ထည့်၏။ ထိုမျှထိ ubuntu font ကို သဘောကျ၏။ os ကတော့ ဘယ်လို လာဦးမည် မသိပေ။
သုံးစွဲသူ အများစု၏ မှတ်ချက်အရတော့ အတော်လေး ကောင်းသည် ဆို၏။ မနေ့က တရက်တာ သုံးကြည့်ရသည့် အတွေ့အကြုံ အရတော့ ကျနော်လည်း သဘောကျ၏။ daily use နှင့် ရေရှည် အသုံးပြုကြည့်ပြီးလျှင်တော့ ပိုမို ပြီးတော့ တိတိကျကျ ပြောနိုင်မည် ထင်၏။ လောလောဆယ်တော့ wifi error ကို အရင် ရှင်းလိုက်ပါဦးမည်။